ကချင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (KDG)

လိုဂို

ကချင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (KDG) သည် ၂၀၀၅ ခုနှစ် စက်တင်ဘာလ ၃၀ ရက်တွင် မိုင်ဂျာယန် (ကချင်ပြည်နယ်ရှိ တရုတ်-မြန်မာနယ်စပ်မြို့) ၌ သုံးရက်ကြာ ပြုလုပ်ကျင်းပခဲ့သည့် ကချင်လူငယ်များ ညှိနှိုင်းဆွေးနွေးပွဲ၏ ရလဒ်တစ်ခုဖြစ်သည်။ ထိုအစည်းအဝေးကို ပြည်တွင်းရှိ လူငယ်အဖွဲ့အစည်းအသီးသီးမှ ကချင်လူငယ်ခေါင်းဆောင်များ တက်ရောက်ခဲ့ကြသည်။ အစည်းအဝေးတက်ရောက်သူများ၏ သဘောတူညီချက်အရ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ဆင်းရဲသားများ၊ ချို့ငဲ့သူများနှင့် ဖယ်ကြဉ်ခံရသူများအား ကောင်းမွန်သော လူနေမှုဘဝရရှိစေရေး ကူညီမြှင့်တင်ပေးမည့် ကတိကဝတ်ထားရှိရန် ရည်ရွယ်ချက်ဖြင့် KDG ကို ၂၀၀၅ ခုနှစ် အောက်တိုဘာလ ၂ ရက်တွင် ဖွဲ့စည်းခဲ့ပါသည်။ KDG သည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်ပတ်သက်နေသူပေါင်းစုံကို ချိတ်ဆက်ပေးသည့် စီမံကိန်းများ၊ ကယ်ဆယ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ချိတ်ဆက်ပေးသော စီမံကိန်းများ နှင့် အထူးသဖြင့် ပဋိပက္ခကြောင့် ထိခိုက်နစ်နာရသူများအတွက် ရေရှည်တည်တံ့သော အသက်မွေးဝမ်း‌ကျောင်းလုပ်ငန်းများ ဖန်တီးပေးသော စီမံကိန်းများတို့ကို ဆောင်ရွက်ခဲ့ပါသည်။ KDG ၏ လုပ်ငန်းအချို့တွင် အရေးပေါ်အခြေအနေများ၌ ပညာပေးလုပ်ငန်းများ ဆောင်ရွက်ပေးခြင်း၊ လူငယ်များအတွက် ဘဝတွက်တာကျွမ်းကျင်မှုများ တည်ဆောက်ပေးခြင်း၊ ပြည်သူလူထုအား စွမ်းရည်မြှင့်တင်ပေးခြင်း နှင့် ဆယ်ကျော်သက်များအတွက် လိင်မှုဆိုင်ရာနှင့်မျိုးဆက်ပွားကျန်းမာရေး ပညာပေးအစီအစဉ်တို့ ပါဝင်ပါသည်။

DPP အောက်တွင် KDG သည် လူငယ်များဖိုရမ်နှင့် လူငယ်များနေ့ ပွဲများတို့ စီစဉ်ပေးခြင်းအပါအဝင် လူငယ်ဖွံ့ဖြိုးရေးနှင့် စွမ်းဆောင်ရည်မြှင့်တင်ခြင်း လုပ်ငန်းများကို ဆောင်ရွက်ပါသည်။ ၎င်းတို့၏ ဝန်ထမ်းများသာမက စစ်ဘေးရှောင်စခန်းအသီးသီးမှ စေတနာ့ဝန်ထမ်းမြောက်များစွာလည်း အတူပါဝင် ဆောင်ရွက်လျက်ရှိပါသည်။ စေတနာ့ဝန်ထမ်းများအနက် အများစုမှာ အရွယ်ရောက်ပြီးလူငယ်များ သို့မဟုတ် ဆယ်ကျော်သက်များ ဖြစ်ကြပါသည်။