နောင်ရှောင် လူမှုဖွံ့ဖြိုးရေးအသင်း (NDI)

လိုဂို

နောင်ရှောင် လူမှုဖွံ့ဖြိုးရေးအသင်း (Naushawng Development Institute – NDI) သည် လူထုအခြေပြုကျောင်းတစ်ခု ဖွင့်လှစ်ထားသည့်အပြင် ပညာရေးနှင့် လူငယ်ဖွံ့ဖြိုးတိုးတက်ရေးတို့ ပိုမိုကောင်းမွန်စေရန်လုပ်ဆောင်နေသည့် ဒေသခံ အစိုးရမဟုတ်သောအဖွဲ့အစည်းတစ်ခု ဖြစ်သည်။ ၎င်း၏အဓိကရည်မှန်းချက်မှာ “ပညာရေးတွင် ရင်းနှီးမြှုပ်နှံ၍ အနာဂတ်ကို ပုံဖော်ရန်” ဖြစ်သည်။ ကချင်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ဒီမိုကရေစီနှင့် လူထုဖွံ့ဖြိုးတိုးတက်ရေး ခိုင်မာအားကောင်းစေရန် စွဲမြဲလုပ်ဆောင်နေကြသည့် ကချင်ပညာရှင်များက ၂၀၀၉ ခုနှစ် ဧပြီလတွင် နောင်ရှောင် လူမှုဖွံ့ဖြိုးရေးအသင်း (NDI) ကို တရားဝင်ဖွဲ့စည်းခဲ့သည်။ နောင်ရှောင် လူမှုဖွံ့ဖြိုးရေးအသင်း (NDI) သည် မြန်မာအစိုးရထံ မှတ်ပုံတင်ထားသော အဖွဲ့အစည်းဖြစ်ပြီး ကချင်ပြည်နယ်အစိုးရနှင့် ဆက်ဆံရေးကောင်းမွန်သည်။ နောင်ရှောင်လူမှုဖွံ့ဖြိုးရေးအသင်း (NDI) သည် သင်တန်းများ၊ ပညာရေး၊ စည်းရုံးလှုံ့ဆော်မှု၊ သုတေသနနှင့် မူဝါဒဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ခွဲခြမ်းစိတ်ဖြာခြင်းတို့အပြင် လူထုထိတွေ့ဆက်ဆံမှု နှင့် ကွန်ရက်ချိတ်ဆက်မှုများတို့ မှတစ်ဆင့် မြန်မာနိုင်ငံ၏ ဒီမိုကရေစီအသွင်ကူးပြောင်းမှု၊ ငြိမ်းချမ်းရေးတည်ဆောက်မှုနှင့် ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုတို့ကို အထောက်အကူပြုပေးသည်။ ‘နောင်ရှောင်’သည် ရိုးရာမနောပွဲများတွင် ထောင်နှင့်ချီသောလူများကို လမ်းညွှန်ပေးသော ခေါင်းဆောင်များအတွက် ကချင်အမည် ဖြစ်ပြီး ‘ပညာရေးကို ကျွန်ုပ်တို့၏ခေါင်းဆောင်အဖြစ် မှတ်ယူသည်’ ဟူ၍ အဓိပ္ပါယ်သက်သည်။ နောင်ရှောင် လူမှုဖွံ့ဖြိုးရေးအသင်း (NDI) မှ ယုံကြည်သည်မှာ ပညာရေးသည် လူငယ်များအား ကျွန်ုပ်တို့၏နိုင်ငံသားများ ရင်ဆိုင်နေရသော အဓိကပြဿနာများကို ဖြေရှင်းပေးနိုင်မည့် အနာဂတ်ခေါင်းဆောင်များအဖြစ် ပြောင်းလဲမြင့်တက်စေနိုင်သည် ဟူ၍ဖြစ်သည်။

ရေရှည်တည်တံ့ခိုင်မြဲသောငြိမ်းချမ်းရေးအစီအစဉ် (DPP) အောက်တွင် နောင်ရှောင် လူမှုဖွံ့ဖြိုးရေးအသင်း (NDI)   သည် လူထုနှင့်ငြိမ်းချမ်းရေး ပညာပေးရေးကို ပံ့ပိုးပေးခြင်းအပါအဝင် ကချင်ပြည်နယ်ရှိ အိုးအိမ်စွန့်ခွာတိမ်းရှောင်သူများနှင့် ဒေသခံရပ်ရွာများတို့မှ လူငယ်များနှင့် လက်တွဲလုပ်ကိုင်လျက်ရှိသည်။ ၎င်းတို့၏ ရေရှည်တည်တံ့ခိုင်မြဲသောငြိမ်းချမ်းရေးအစီအစဉ် (DPP) စီမံကိန်းသည် ပဋိပက္ခသင့်ဒေသများမှ လူငယ်များအတွက် အထက်တန်းပညာရေး သင်ကြားပေးခြင်း ဖြစ်သည်။